အသက် (၅၈) နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး မူးယစ်မှုဖြင့် ထောင်ဒဏ် နှစ် (၂၀) စီရင်ခံရ

ဓာတ်ပုံ - Minh Bang/Tuoi Tre


ဘိန်းဖြူ ၄၀၀ ဂရမ်နဲ့ မက်သာအဖက်တမင်း ၂ ဒသမ ၅ ကီလိုဂရမ် တရားမ၀င် လက်ဝယ်တွေ့ရှိခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦးကို ဟိုချီမင်းမြို့ တရားရုံးက ဇူလိုင် ၂၅ ရက်နေ့မှာ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ပါတယ်။
ဝင်ထီကင်ဟမ်အမည်ရှိ အဆိုပါအမျိုးသမီးဟာ တရားမ၀င် မူးယစ်ဆေးဝါး သိုလှောင်မှုကို ကျူးလွန်ကြောင်း တရားရုံးက စစ်ဆေးဖော်ထုတ်ပြီး စီရင်ခဲ့တာ ဖြစ်ပါတယ်။
စွဲဆိုချက်အရ အမှတ် ၄ ခရိုင် ရဲတပ်ဖွဲ့က ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ တွန်ဒမ်းလမ်းပေါ် ကင်းလှည့်စဉ် မက်သာအဖက်တမင်း ၂ ကီလိုဂရမ်ခွဲနဲ့အတူ ဖမ်းဆီးရမိပြီး သူ့အိမ်ကို ဆက်လက်ရှာဖွေရာမှာ ဘိန်းဖြူ ကီလိုဂရမ် ၄၀၀ ကို ထပ်မိတာလို့ ဆိုပါတယ်။
အဆိုပါအမျိုးသမီးက ပြန်လည်ထုချေချက်မှာ ဒေသခံ အမျိုးသား ထရမ်ဗန်းဒန်ဆိုသူက သူ့ထံကနေ အမေရိကန်ဒေါ်လာ ငါးသောင်းရှစ်ထောင့်သုံးရာနဲ့ ညီမျှတဲ့ ဗီယက်နမ်ဒွန်ငွေ ၁ ဒသမ ၃ ဘီလီယံ ချေးငှားပြီး ဒီမူးယစ်ဆေးဝါးတွေကို အပေါင်အဖြစ် ထားတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ရဲက အဲဒီအမျိုးသား ထရမ်ဗန်းဒန်ကို လိုက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ကလည်း ဟိုချီမင်းမြို့ကနေ သြစတြေးလျကိုသွားမယ့် ဗီယက်နမ်နွယ်ဖွား သြစတေးလျနိုင်ငံသား အမျိုးသမီးတဦးကို ဘိန်းဖြူ ၅ ကီလိုဂရမ် ထည့်ထားတဲ့ ခရီးသွားအိတ်နဲ့အတူ တန်ဆွန်နတ်လေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အကောက်ခွန်ဌာနနဲ့ ရဲအရာရှိတွေ အဆိုအရ ဘိန်းဖြူတွေကို အိတ် ၂၆ အိတ်ထဲ ထည့်သွင်းသယ်ဆောင်တာကို ရှာဖွေတွေ့ရှိတာလို့ ပြောပါတယ်။
အဆိုပါ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးက ဒီဘိန်းဖြူတွေကို သယ်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ ရရှိမှာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။
ဒီဘိန်းဖြူထုပ်တွေဟာ သြစတြေးလျကိုရောက်ရင် ကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၇ သိန်းခွဲထိ ဈေးရရှိနိုင်မယ်လို့ တာဝန်ရှိသူတွေက တွက်ချက်ခန့်မှန်းပါတယ်။
ပြီးခဲ့တဲ့လကလည်း ဟိုချီမင်းမြို့ တရားရုံးတခုက အသက် ၇၃ နှစ်အရွယ် ဗီယက်နမ်-သြစတြေးလျ ကပြားအမျိုးသမီးတဦးကို ဆစ်ဒနီကို မူးယစ်ဆေးဝါး ၂ ဒသမ ၈ ကီလိုဂရမ် သယ်ဆောင်ဖို့ ကြိုးပမ်းမှုအတွက် သေဒဏ်ချမှတ်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလက သူ့ကို လေဆိပ်မှာ ရှာဖွေရာ ဆပ်ပြာခွက်တွေအတွင်း သိုဝှက်ထားတဲ့ ဘိန်းဖြူတွေကို ဖော်ထုတ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ဘိန်းဖြူ ၁၀၀ ဂရမ် သို့မဟုတ် တခြား တရားမ၀င် မူးယစ်ဆေးဝါး ၃၀၀ ဂရမ်ကို ထုတ်လုပ်မှု သို့မဟုတ် ရောင်းချမှုဟာ သေဒဏ်ထိုက်တဲ့ပြစ်မှု ဖြစ်ပါတယ်။
ဘိန်းဖြူ ၆၀၀ ဂရမ်ကျော် သို့မဟုတ် မက်သာအဖက်တမင်း ၂ ကီလိုဂရမ်ခွဲ အလေးချိန်ကို လက်ဝယ်တွေ့ခြင်း သို့မဟုတ် သယ်ဆောင်ခြင်းကိုလည်း သေဒဏ်စီရင်ပါတယ်။


DVB Burmese



0 comments:

Post a Comment