ယူနီကုဒ်မြန်မာစာစနစ်နှင့် ပတ်သက်၍ တောင်းဆိုမှုများ ပြုလုပ်





ယူနီကုဒ်မြန်မာစာစနစ်ကို တစ်ပြေးညီအသုံးပြုရန်အတွက် နိုင်ငံတော်အနေဖြင့် တွန်းအားပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုချက် ၇ ချက် ပေးပို့လိုက်ကြောင်း သိရသည်။
Myanmar Unicode Area (MUA) အဖွဲ့အနေဖြင့် တောင်းဆိုချက်များကို ဦးဆောင်ပေးပို့ခဲ့ခြင်းဖြစ်ပြီး တောင်းဆိုချက်များတွင် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းရာတွင် မြန်မာစာစံစနစ်ကို မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းတစ်ခုအနေဖြင့် ထည့်သွင်းပေးရန်ပါရှိသည့်အပြင် ပျက်ကွက်ခဲ့ပါကလည်း အရေးယူဆောင်ရွက်နိုင်သည့် စည်းမျဉ်းဥပဒေများ ပြဋ္ဌာန်းပေးရန် ပါရှိသည်။
"ယူနီကုဒ်ကို မသုံးတော့ တိုင်းရင်းသားဘာသာစကားတွေ အွန်လိုင်းပေါ်ကို ရောက်မလာတော့ဘူး။ အခုဆိုရင် Android ဖုန်းတွေမှာ ယူနီကုဒ်စနစ်က တစ်ပါတည်း ပါတယ်။ ဒါပေမဲ့ ဈေးကွက် တောင်းဆိုမှုအရ ဒါတွေကို ပြန်ဖြုတ်ပြီး သုံးနေကြတယ်။ ပြီးတော့ အစိုးရဝက်ဘ်ဆိုက်တွေ ကိုယ်တိုင်က သုံးချင်တဲ့ဖောင့်ကို သုံးနေကြသေးတယ်" MUA အဖွဲ့ဝင် ကိုမောင်ဆန်းက ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ယူနီကုဒ်နှင့်ပတ်သက်၍ တောင်းဆိုချက်များ ပေးပို့ခဲ့ရာတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ၏ ထောက်ခံချက်၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုသမိုင်းအဖွဲ့ အစည်းများ၏ ထောက်ခံချက်များလည်း ပူးတွဲပါရှိသည်ဟု ကိုမောင်ဆန်းကပြောသည်။ ယူနီကုဒ်နှင့် ပတ်သက်၍ တောင်းဆိုမှုကို MUA အနေဖြင့် တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်၌ အသုံးပြုသူအများစုသည် ဇော်ဂျီဖောင့်ကိုသာ အသုံးပြုနေကြကြောင်း သိရသည်။

Internet Journal

0 comments:

Post a Comment