ထိုင်းနိုင်ငံ၊ ဆင်းခွန် အထူးယာယီ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ယခုရက်ပိုင်း အတွင်း ကြပ်မတ် စစ်ဆေးမှုများ ရှိနေ



ထိုင်းနိုင်ငံ ဆင်းခွန် အထူးယာယီ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ယခုရက်ပိုင်း အတွင်း ထိုင်းတာဝန်ရှိသူများက ကြပ်မတ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ဒန်းသိန်ခွန်းရွာ အတွင်း ဖွင့်လှစ်ထားသော ဆင်းခွန် အထူးယာယီ နယ်စပ်ဂိတ်မှတစ်ဆင့် မောတောင် နယ်စပ်ဂိတ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ အတွင်းသို့ပြန်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ အထူး စစ်ဆေးခံနေရပြီး တချို့မှာ ဖြတ်သန်းခွင့် ပိတ်ပင်ခံနေရကြောင်း မောတောင် ဒေသခံများက ဆိုသည်။

“ဘန်ကောက်မှာ အသတ်ခံရတဲ့ ထိုင်းအမျိုးသမီး တစ်ဦးရဲ့အမှုနှင့် ပတ်သက်ပြီး နယ်စပ်ဂိတ်တွေမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ကြားရတယ်။ ကျွန်တော်တို့ဆီကနေ သွားရင်ရတယ်။ ဒါပေမဲ့ ဆင်းခွန်ဂိတ်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် သူတွေကိုကျတော့ ပိတ်ထားတယ်လို့ ကြားရတယ်။ နယ်စပ်ဂိတ်မှာလည်း တရားခံလို့ မသင်္ကာဖြစ်ဖွယ် မြန်မာနှစ်ဦးရဲ့ ဓာတ်ပုံတွေကိုလည်း ဖြန့်ကြက်ထားတယ်လို့ သိရတယ်။ ပြန်လာတဲ့ လူတချို့က ဖြတ်သန်းခွင့် မရဘဲ ပရာကျွတ်ထဲမှာ သောင်တင်နေကြတယ်” ဟု မောတောင်ရွာတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

မောတောင်ဒေသမှ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခံ အတွင်း သွားရောက် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများမှာမူ ပုံမှန်အတိုင်း သွားလာခွင့် ရရှိနေသော်လည်း ဘန်ကောက်ဘက်နှင့် တခြားဒေသများမှ ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာမူ ဖြတ်သန်းခွင့် မရရှိကြောင်း သိရသည်။

“အလုပ်သမား ဗီဇာ ပတ်စ်ပို့ကိုင်ပြီး မြန်မာပြည်ကို ပြန်သူတွေကိုတော့ ကြပ်ကြပ်မတ်မတ် စစ်ဆေးနေပါတယ်။ ဆိုင်ကယ် အ၀င်အထွက်တွေကိုလည်း တခြားနေ့နဲ့ မတူဘဲ စိစစ်ပြီးမှ ၀င်ထွက်ခွင့် ပေးပါတယ်။ ထိုင်းနိုင်ငံသားတွေ မြန်မာပြည်ထဲ ၀င်တာ ပုံမှန်ပါပဲ။ မောတောင် လ၀ကကို မေးပြီးပါပြီ။ အ၀င်အထွက် အသွားအလာ အားလုံးပုံမှန် အနေအထားမှာ ရှိနေပါတယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်စိုးက ပြောကြားသည်။

ထိုင်းတာဝန်ရှိသူများ အနေဖြင့် ဘန်ကောက်မြို့တွင် အသတ်ခံရသော အမျိုးသမီးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားများကို မသင်္ကာ ဖြစ်နေပြီး နယ်စပ်ဂိတ်များ အားလုံးတွင် အထူး ကြပ်မတ် စစ်ဆေးနေခြင်းဖြစ်ကြောင်း မောတောင်နယ်စပ်တွင် တာဝန်ကျနေသည့် အစိုးရ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကီလိုမီတာ ၂၀၀ မြန်မာနိုင်ငံ မြိတ်မြို့မှ ၁၂၃ မိုင်ကွာဝေးသော ဆင်းခွန်-မောတောင်ဂိတ်မှာ အချက်အချာကျသော နေရာတွင်ရှိပြီး ကုန်သွယ်မှု အလားအလာ ရှိသည့် နယ်စပ်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ထိုင်းနိုင်ငံဘက်မှ အထူးယာယီ နယ်စပ်ဂိတ် အဖြစ်သာ ဖွင့်လှစ်ထားသောကြောင့် ခရီးသွားလာမှု၊ ကန့်သတ် ဧရိယာအတွင်း လည်ပတ်မှုနှင့် ကန့်သတ်ချက် တချို့နှင့် ကုန်သွယ်မှုသာ ပြုလုပ်နိုင်သေးကြောင်း သိရသည်။

  မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် နေ့ချင်းပြန် သွားရောက်နေသည့် ဒေသခံ အလုပ်သမားများမှာ အဆိုပါ ဂိတ်ပေါက်များမှ ဖြတ်သန်းသွားလာ နေရာမှ ယခုရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို အထူးကြပ်မတ် စစ်ဆေးခြင်း၊ ဖြတ်သန်းခွင့် မပေးခြင်း စသည့် ဆောင်ရွက်ချက်များကို နယ်စပ်ဂိတ်မှ ထိုင်းတာဝန်ရှိသူများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။


Writer: 
ဇော်မိုးဦး (မြိတ်)

Eleven



0 comments:

Post a Comment