အော်ရီဒူးမြန်မာ၏ 'ခုဖြေခုထော' အစီအစဉ် ချက်ချင်းရပ်ဆိုင်းရန် အကြောင်းကြား




ရန်ကုန်၊ ဇူလိုင် ၂၄

အော်ရီဒူးမြန်မာ၏ 'ခုဖြေခုထော' အစီအစဉ် ချက်ချင်းရပ်ဆိုင်းရန် ဝန်ကြီးဌာနက အကြောင်းကြားလိုက်ပြီး ယင်းအစီအစဉ်တွင် ပါဝင်သုံးစွဲခဲ့သူများ၏ ငွေကြေး ဆုံးရှုံးခဲ့မှုများအတွက် ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။

အောရီဒူးမြန်မာ၏ 'ခုဖြေခုထော' အစီအစဉ်တွင် ဝင်ရောက်ဖြေဆိုခဲ့သူများ၏ အဖြေမှန်များကို မှားယွင်းသည် ဟုဆိုကာ အကြောင်းပြန်မှုများကြောင့် ပြည်သူများအကြား ဝေဖန်မှုများ ရှိခဲ့ပြီးနောက် ယင်းအစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၃ရက် ရက်စွဲဖြင့် အော်ရီဒူးမြန်မာသို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းအပေါ် The Voice သတင်းစာက ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။





“အဖြေမှန်နေရဲ့နဲ့ မှားတယ်ဆိုပြီး ဖြေကြားမှုတွေအပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေရှိတာတော့ မှန်ပါတယ်။ အဲ့ဒါတွေအတွက်လည်း ငွေကြေးဆုံးရှုံးမှုတွေ ရှိခဲ့တယ်။ ဒါတွေကိုလည်း ဘက်ပေါင်းစုံကနေ ထည့်သွင်း စဉ်းစားပြီး လုပ်ဆောင်မယ်။ နောက်ပြီး အခြားဥပဒေတွေနဲ့ ငြိမလား ဆိုတာကတော့ အခြားဌာနတွေနဲ့ ညှိနှိုင်းရမှာပေါ့” ဟု ဦးမျိုးဆွေက ရှင်းပြသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများနှင့်အညီ ကြိုတင်အသိပေး ဆောင်ရွက်ခဲ့ခြင်းမရှိသည့် အော်ရီဒူးမြန်မာ၏ 'ခုဖြေခုထော' အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းရန်နှင့် ဤဦးစီးဌာန၏ ခွင့်ပြုချက်မရမချင်း ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားစာကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၃ ရက် ရက်စွဲဖြင့် အော်ရီဒူး မြန်မာသို့ လိပ်မူကာ အကြောင်းကြားခဲ့သည်။

ထို့သို့ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများနှင့်အညီ ကြိုတင်အသိပေး ဆောင်ရွက်ခဲ့မှု မရှိခြင်းနှင့် ပြည်သူများ အကြား ဝေဖန်မှုများကို အော်ရီးဒူးမြန်မာက ရှင်းလင်းသွားရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“လက်ရှိအခြေအနေက ပရိုမိုးရှင်းလုပ်တာလား။ ထပ်တိုးဝန်ဆောင်မှု လုပ်တာလားဆိုတာ ကျွန်တော်တို့လည်း မသဲကွဲဘူး။ ဒီကိစ္စအတွက် ရှင်းရှင်းလင်းလင်းသိအောင် သူတို့ကို တင်ပြဖို့ ပြောထားပြီးပါပြီ။ အဲ့အစီအစဉ်ကို ပိတ်သိမ်းတာကတော့ အချိန်အကန့်အသတ် မရှိသေးဘူး။ ရှင်းရှင်းလင်းလင်း ဖြစ်သွားမှပဲ ဆက်ပြီးဆုံးဖြတ်မယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။





0 comments:

Post a Comment