♪ လူတစ်ရပ်စာအမြင့်ကနေပြုတ်ကျမှုကို ခံနိုင်ရည်ရှိတဲ့ Gorilla Glass 5 ကို Corning မိတ်ဆက် ♫


မကြာခင်မှာ သင့်စမတ်ဖုန်းတစ်လုံးကို မှန်ကွဲမှာပူစရာမလိုဘဲ လူတစ်ရပ်စာအမြင့်ကနေ အေးအေးဆေးဆေးလွှတ်ချနိုင်တော့မှာပါ။

စူပါအကြမ်းခံမှုကြောင့် နာမည်ကျော်တဲ့ Gorllia Glass မှန်ချပ်တွေ ထုတ်လုပ်သူကုမ္ပဏီဖြစ်တဲ့ Corning ဟာ ပဉ္စမမြောက်မျိုးဆက် Gorilla Glass 5 အသစ်ကို ကယ်လီဖိုးနီးယားက ကုမ္ပဏီရုံးချုပ်မှာ မနေ့က စတင်မိတ်ဆက်သွားခဲ့ပါတယ်။

Corning ဟာ ပထမဆုံး Gorilla Glass ကို ၂၀၀၇ ခုနှစ်မှာ စတင်မိတ်ဆက်ပြီးနောက်မှာ၊ နှစ်နှစ်ခြား တစ်ခါလောက်ပဲ Gorilla Glass အသစ်ကို ထုတ်လုပ်လေ့ရှိပြီး၊ ယခုအသစ်ထွက်လာတဲ့ Gorilla Glass 5 ဟာ အရင်မျိုးဆက်တွေထက် ပိုမိုအကြမ်းပတမ်းခံနိုင်ကာ၊ လူတစ်ရပ်စာအမြင့်ကနေတောင် စိတ်ချလက်ချပစ်ချနိုင်တယ်လို့ ဆိုပါတယ်။ အရင် Gorilla Glass တွေဟာ ၃ ပေအမြင့် (ခါးလည်လောက်) အထိပဲ ခံနိုင်ရည်ရှိပါတယ်။

Corning ကုမ္ပဏီရဲ့ စမ်းသပ်စစ်ဆေးချက်တွေအရ Gorilla Glass 5 ဟာ ၁.၆ မီတာ (၅ ပေ ၂ လက်မအမြင့်) ကနေ ပြုတ်ကျမှုတွေကို ခံနိုင်ရည်ရှိပြီး၊ ဓာတုဗေဒနည်းအရအကြမ်းခံအောင်ပြုပြင် ထားခြင်းမရှိတဲ့ သာမန်မှန်သားထက် လေးဆပိုမိုအကြမ်းခံတယ်လို့ ဆိုပါတယ်။

Gorilla Glass 5 

Gorilla Glass 5

ကမ္ဘာပေါ်က မိုဘိုင်းဖုန်းအလုံးရေ ၄.၅ ဘီလီယံကျော်မှာ ဖုန်း display အပေါ်ကနေ Gorilla Glass မှန်သားနဲ့ ကာကွယ်ပေးထားပါတယ်။ အခုဆို Gorilla Glass ကို ဖုန်းတွေအပြင်၊ ကားတွေမှာလည်း အသုံးပြုတော့မှာဖြစ်ပြီး၊ မကြာသေးခင်ကတောင် Ford ကုမ္ပဏီက ၎င်းရဲ့ ၂၀၁၆ GT မော်ဒယ်သစ်ကားတွေမှာ Gorilla Glass လေကာမှန်တွေသုံးတော့မှာဖြစ်ကြောင်း ကြေငြာခဲ့ ပါသေးတယ်။

Corning ရဲ့ ထုတ်ပြန်ချက်အရ Gorilla Glass 5 အသစ်ကို ယခုနှစ်နှောင်းပိုင်းထဲမှာပဲ စမတ်ဖုန်းအသစ်တွေမှာ မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါဆိုရင်တော့ နောက်ထွက်လာမယ့် စမတ်ဖုန်းတွေဟာ သုံးနေရင်းပြုတ်ကျလို့ ကွဲမှာ၊ အက်မှာတွေ တွေးပူနေစရာလိုမှာမဟုတ်ဘဲ၊ လုံးဝအကြမ်းပတမ်းသုံးနိုင်မယ့်အနေအထားရှိလာနိုင်ပါတယ်။

Credit to ==>  Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment