Ooredoo က "ခုဖြေခုထော" ဥာဏ်စမ်းအစီအစဉ်ကို ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆို



ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ Ooredoo ၏ "ခုဖြေခုထော" အစီအစဉ်ကိုရပ်ဆိုင်းရန် အကြောင်းကြားစာထုတ်ပြန်ခဲ့သော်လည်း Ooredoo သည် ၎င်း၏ "ခုဖြေခုထော" အစီအစဉ်ကို ဆက်လက် လုပ်ကိုင်သွားမည်ဟု ပြန်လည်ပြောဆိုလိုက်သည်။


"ဒါက အစ်မတို့ တစ်ဦးတည်း လုပ်နေတာမဟုတ်ဘူး။ အခြားအော်ပရေတာတွေလည်း လုပ်နေတာပဲ။ ဒီနေ့ဆိုရင်လည်း ကံထူးရှင်တွေကို ဆက်ရွှေးချယ်ပေးဖို့ရှိတယ်။ မနက်ဖြန်ဆိုရင်လည်း ကံထူးရှင် တစ်ဦးကို ပိုက်ဆံသွားပို့ပေးဖို့ရှိနေပါတယ်။ အစ်မတို့ဒါကို ရပ်ထားလိုက်တာမရှိပါဘူး " ဟု Ooredoo မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။


Ooredoo ၏ "ခုဖြေခုထော" အစီအစဉ်သည် လောင်းကစားဆန်ဆန်ပရိုမိုးရှင်းတစ်ခု ဖြစ်သည်ဟု အင်တာနက်စာမျက်နှာများပေါ်တွင် ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည့်နောက်ပိုင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အဆိုပါအစီအစဉ်ကိုရပ်ဆိုင်းရန် အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်ဟု သတင်းများကဖော်ပြခဲ့ကြသည်။


"ကျွန်တော်က SMS တစ်စောင်ကို ၁၅ ကျပ်ထင်လို့ဖြေနေခဲ့တာ။ ဖုန်းထဲက ပိုက်ဆံတွေကုန် သွားတော့မှ စုံစမ်းကြည့်တော့ SMS တစ်စောင်ကို ၂၀၀ ကျပ်မှန်းသိရတော့တယ်။ ဒါနဲ့ဆက်ပြီး အဖြေတွေ ဖြေလိုက်တာ ၅ သောင်းကျပ်လောက်တော့ ကုန်သွားတယ်" ဟု Ooredoo ၏ " ခုဖြေ ခုထော" ၌ ငွေကျပ် သိန်း ၃၀ ကံထူးခဲ့သူ ကိုကျော်ဆန်းမြင့်က ပြောသည်။


Ooredoo သည် အဆိုပါ အစီအစဉ်ကို ပရိုမိုးရှင်းအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခြားသောနိုင်ငံများတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်များကို ပုံတူအနေဖြင့် ဆက်လက် လုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ " ဒါက ကံစမ်းမဲ သဘောမျိုးပါ။ သူများတွေလုပ်ထားကြတာလဲ အများကြီးပါ။ ထီထိုးသလိုပါပဲ။ များများဖြေတော့ ဆုရဖို့ပိုနီးစပ်တဲ့ သဘောပေါ့" ဟု Ooredoo မှ Communication Director မပွင့်ဦးဆွေက ပြီးခဲ့သည့် သောကြာနေ့က ပြောသည်။


" ခုဖြေခုထော" အစီအစဉ်ကို Ooredoo က ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အမြင့်ဆုံးဆုအနေဖြင့် ငွေသားကျပ် သိန်း ၃၀၀၊ နေ့စဉ်အနေဖြင့် ငွေသားကျပ် သိန်း ၃၀၊ အပတ်စဉ်အနေဖြင့် iPhone 6S, Samsung S7 Edge, Samsung Note5, Samsung Tab S2,Samsung Tab A,iPad Air 2 စသည်တို့ကို ပေးအပ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။



InternetJournal




0 comments:

Post a Comment