♪ " သိုသိုသိပ်သိပ် Download ချသည့်အခါ " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫


Download ချတာများ ခက်လို့လား။ မခက်ပေါင်ဗျာ။ သက်ဆိုင်ရာ website ကို တည့်တည့်တန်းတန်းသွားပြီးရင် downlaod ခလုတ်ကိုနှိပ်၊ ဒါပဲမဟုတ်လား၊ ဟုတ်ပါတယ်ဗျာ။ ဒါက သီချင်းတွေ၊ ဗီဒီယိုတွေ၊ စာအုပ်တွေ download ချတာဖြစ်ရင်ဖြစ်မယ်။ Facebook ကနေ download ချတာဖြစ်ရင်ဖြစ်မယ်။ ခေတ်ကြီးကိုက ဆုတ်ကပ်ခေတ်။ ဆက်သွယ်ရေးဥပဒေအသစ်မပြင်မချင်း အွန်လိုင်းမှာလုပ်တဲ့ အလုပ်တစ်ခုခုဟာ ကပ်သင့်နိုင်တယ်။ ဒီတော့ကာ download ချတဲ့အလုပ်ကိုလည်း သိုသိုသိပ်သိပ် လုပ်ကြပါမယ်။ 

Download ချတဲ့အလုပ်မှာ အနည်းနဲ့အများက browser နဲ့ မကင်းပါဘူး။ ဒါကြောင့် downlaod ချမှန်းမသိရအောင် browser ကို အရင်ပုံဖျက် ကြပါမယ်။ ဒီကိစ္စအတွက်သုံးနိုင်တဲ့ browser add-on တွေ တပုံတခေါင်း ရှိပါတယ်။ သူတို့က ကိုယ်အွန်လိုင်းမှာလုပ်တာတွေကို ဖျောက်ပေးနိုင်တယ်။ 


ပုံဖျက်ပေးနိုင်တယ်။ အဲဒီထဲမှာ အကောင်းဆုံးတစ်ခုက anonymo X ဖြစ်ပါတယ်။ www.anonymo x.net ကနေ download ချပြီး သုံးနိုင်ပါတယ်။ သူက proxy tool ပါ။ Firefox နဲ့ Chrome အတွက် သုံးနိုင်ပါတယ်။ App အတွက် သီးခြား server တွေကနေသွားတာဖြစ်လို့ ကိုယ့်ရဲ့ IP address ကို ဖျောက်ပေးထားပါတယ်။

သူ့ထဲမှာထိုးတဲ့ ကြော်ငြာတွေဒဏ်ကိုခံနိုင်ရင် ဒီ app ကို အခမဲ့ သုံးနိုင်ပါတယ်။ Proxy လမ်းကြောင်း အကန့်အသတ်မရှိ သုံးချင်ရင်၊ ကြော်ငြာတွေမမြင်ချင်ရင် တစ်လကို ခြောက်ဒေါ်လာလောက်ပေးရတဲ့ premium version ကို ပြောင်းသုံးနိုင်ပါတယ်။ အခပေး version ကို သုံးရင် download ချတာလည်း ပိုမြန်ပါတယ်။ နောက်ထပ်သုံးနိုင်တာက Zen Mate ဖြစ်ပါတယ်။ www.zenmate.com ကနေ download ချပြီး သုံးနိုင်တဲ့ add-on ပါ။ Firefox, Chrome နဲ့ Opera Browser တွေမှာ သုံးနိုင်ပါတယ်။ သူက browser traffic ကို encrypt လုပ်ပြီး ဖုံးကွယ်ပေးပါတယ်။ 


သာမန်အသုံးအတွက် Zen Mate က အခမဲ့ပါ။ ဒါပေမဲ့ အပိုဆောင်းစွမ်းရည်တွေ လိုချင်တယ်ဆိုရင် အကန့်အသတ်မဲ့ traffic လိုချင်ရင် တစ်လအတွက် ၅ ဒေါ်လာပေးရတဲ့ အခပေး version ကို ပြောင်းသုံးနိုင်ပါတယ်။ နောက်ထပ် စမ်းကြည့်သင့်တာတစ်ခုက Foxy Proxy ပါ။ Firefox browser အတွက် အဓိကထားတဲ့ add-on ဖြစ်ပြီး Chrome နဲ့ IE အတွက်လည်း ရနိုင်ပါတယ်။ www.get foxy proxy .org ကနေ download ချနိုင်ပါတယ်။ အခမဲ့ရတဲ့ အခြေခံ version နဲ့ အခပေးသုံးရတဲ့ standard version ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခပေး version မှာ VPN ပါတဲ့ proxy ကို ရနိုင်ပြီး တစ်လအတွက် ခုနှစ်ဒေါ်လာခွဲ ကျပါမယ်။


Download နဲ့ပတ်သက်ပြီး နာမည်ကျော်တာက Torrent တွေဖြစ်ပါတယ်။ Bit Torrent ကတော့ လူကြိုက်အများဆုံးနေရာမှာရှိပြီး သီချင်း၊ ရုပ်ရှင်နဲ့ TV show တွေကို download ချရာမှာ သုံးပါတယ်။ Bit Torrent က download ချရာမှာအဆင်ပြေပေမယ့် download ချတဲ့လူက ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာတွေ download ချတယ်ဆိုတာကို ကြားဖြတ်စောင့်ကြည့်တဲ့လူတွေက သိနေပါတယ်။ ဒါတွေကို ကာကွယ်ဖို့ သုံးနိုင်တာက Tribler ပါ။ www.tribler ကနေ download ချပြီး သုံးနိုင်ပါတယ်။ သိုသိုသိပ်သိပ် download ချနိုင်အောင် ဒီဇိုင်းဆွဲထားတဲ့ Bit Torrent program ဖြစ်ပါတယ်။


အပြီးသတ်အဆင့်မရောက်သေးတာမို့ သိုသိုသိပ်သိပ်ဆိုပေမယ့် ရည်ရွယ်ထားသလောက်တော့ မသိုသိပ်နိုင်သေးပါဘူး။ အပြည့်အဝ ယုံစားထားလို့ မရသေးဘူးဆိုပေမယ့် Torrent tool အများစုထက်တော့ ကိုယ်ရေးလုံခြုံမှု ပိုပြီးပေးနိုင်ပါတယ်။ လူမသိသူမသိဖြစ်အောင် proxy ပြောင်းပေမယ့် တခြား tool တစ်ခုကတော့ Torrent Privacy ဖြစ်ပါတယ်။ သူ့ကို www.torrentprivacy.com ကနေ download ချပြီး သုံးနိုင်ပေမယ့် အလကားသုံးလို့ မရပါဘူး။ တစ်လ ၆ ဒေါ်လာ ကျသင့်ပါမယ်။ www.btguard.com ကနေ download ချပြီးသုံးနိုင်တဲ့ BT Guard ကလည်း အခမဲ့မဟုတ်ပါဘူး။ တစ်လအတွက် ၆ ဒေါ်လာ ပေးပြီးသုံးရပါမယ်။ VPN ပါယူရင် တစ်လကို ၈ ဒေါ်လာလောက် ကျပါမယ်။


Torrent သုံးရာမှာ အားကိုးလောက်တာတစ်ခုအနေနဲ့ seed box ကို တွေ့ရပါမယ်။ သူက high speed server ဖြစ်ပြီး torrent download တွေအတွက် အထူးဒီဇိုင်းဆွဲထားတာပါ။ ပုံမှန် Bit Torrent နဲ့ မတူတဲ့အချက်က ကိုယ့်ရဲ့ IP address ကို share မလုပ်ပါဘူး။ သာမန် Torrent တွေထက် ပိုမြန်ပြီး လိုင်းအများစုမှာ (ISP က အထောက်အပံ့ပေးမယ်ဆိုရင်) 100 Mbps အမြန်နှုန်းထိ ရပါတယ်။ အားနည်းချက်တစ်ခုတော့ရှိတယ်။ Download ချတဲ့ဖိုင်တွေက ကိုယ့် PC ထဲ တိုက်ရိုက်ရောက်လာမှာမဟုတ်ဘဲ seedbox ကနေ PC ထဲ download ထပ်ချရမယ့်ကိစ္စပါ။


ကိုယ့်ရဲ့ Torrent ကို UTorrent web interface ကတစ်ဆင့် လိုအပ်သလို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပေါ်မှာ Bit Torrent program တစ်ခုသုံးဖို့ မလိုပါဘူး။ Download ကို Torrent ကနေ လုံးဝသိုသိုသိပ်သိပ် လုပ်ချင်တယ်ဆိုရင် seedbox ဟာ အားကိုးလောက်ပါတယ်။ Seedbox ကလည်း လုံးလုံးလျားလျား အခမဲ့မဟုတ်ပါဘူး။ Server အပေါ်မူတည်ပြီး တစ်လကို ဒေါ်လာ ၂ဝ ကနေ ၆၅ ဒေါ်လာအထိ ကျသင့်နိုင်ပါတယ်။ Download ကို တော်ရုံသင့်ရုံလုပ်တယ်ဆိုရင် ဈေးအသက်သာဆုံး Seed box နဲ့ လုံလောက်ပါတယ်။


Download ကို သိုသိုသိပ်သိပ် လုပ်ချင်တဲ့လူတွေအတွက် အခမဲ့ကြိုက်တယ်ဆိုရင် Proxy Changer တွေက ဦးစားပေးသင့်တဲ့ အထဲမှာပါတယ်။ Proxy Server တွေဟာ ကွန်ပျူတာနဲ့ အင်တာနက်ကို ချိတ်ပေးတဲ့ ကြားခံဖြစ်ပါတယ်။ Proxy Server ကထုတ်ပေးတဲ့ IP address ပေါ်မူတည်ပြီး အင်တာနက်ကို ချိတ်ဆက်ရာလမ်းကြောင်းပြောင်းပါတယ်။ Proxy ပြောင်းလိုက်ရင် ISP သတ်မှတ်တဲ့ လမ်းကြောင်းအတိုင်း အင်တာနက် အလုပ်မလုပ်တော့ဘူး။ ကိုယ့်ကွန်ပျူတာနဲ့ download site ကြား ဆက်သွယ်တဲ့လမ်းကြောင်းဟာ သီးခြားဖြစ်သွားပါတယ်။ ဒါကြောင့် ကြားလူဟာ ခြေရာခံဖို့ ခက်သွားပါတယ်။ 


Proxy တွေဟာ website တွေအတွက် HTTP ဒါမှမဟုတ် Sock စနစ်ကို သုံးပါတယ်။ အဲဒီိအထဲမှာ Torrent အပါအဝင် အင်တာနက်ချိတ်ဆက်တဲ့ လမ်းကြောင်းအားလုံးပါပါတယ်။ Proxy မှာလည်း နှစ်မျိုးရှိပါတယ်။ Public Proxy တွေက အခမဲ့သုံးဖြစ်ပါတယ်။ HTTP ကိုပဲ အထောက်အပံ့ ပေးပါတယ်။ Pribate proxy တွေက ပိုလုံခြုံပြီး တခြားလူခြေရာမခံနိုင်ဖို့ ပိုပြီးစိတ်ချရပါတယ်။ ဒါပေမဲ့ အခကြေးငွေယူပါတယ်။


အခမဲ့ Proxy ထဲမှာ စိတ်ချရတာက Hide My Ass ဖြစ်ပါတယ်။ www. hide myass.com ကတစ်ဆင့် သုံးနိုင်ပါတယ်။ အခမဲ့ Server တွေ သုံးနိုင်ငံမှာပဲ ထိုင်ပါတယ်။ အခပေးဖြစ်တဲ့ Hide My Ass VPN မှာဆိုရင် နိုင်ငံ ၃၆ နိုင်ငံမှာ Server တွေ ထိုင်ပါတယ်။ တခြားအခမဲ့ရနိုင်တဲ့ proxy တစ်ခုက Anonymouse ဖြစ်ပါတယ်။ www.anonymouse.org ကတစ်ဆင့် ဝင်ပြီးသုံးနိုင်ပါတယ်။ အခြေခံအဆင့်လောက်ပဲဆောင်ရွက်နိုင်ပေမယ့် အလုပ်လုပ်တာမြန်ပါတယ်။ Proxy 4 Free ကလည်း အခမဲ့ပါပဲ။ www.proxy 4 free.com ကနေ အခမဲ့ဝင်ပြီး သုံးနိုင်ပါတယ်။ Proxy Changer တွေဟာ SSL Security layer ခံပြီးသုံးလို့ လုံခြုံမှုအတော်အသင့် ရှိပါတယ်။ Private Proxy တွေထဲမှာတော့ Tor Guard က ဈေးအသက်သာဆုံးပါ။ တစ်လကို ၆ ဒေါ်လာလောက်နဲ့ data အကန့်အသတ်မဲ့ သုံးနိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment